Tuesday 18 December 2012

အလှူတစ်ခုမှ ပါရမီ ( ၁၀ ) ပါး ရရှိပုံ



 သက်ရွယ်ထိ ဘယ်လောက်လှူဒါန်း ပေးကမ်း ဖူးပြီလဲ ။  ဘယ်လိုရည်ရွယ်ချက်တွေထားခဲ့လဲ ။
မိရိုးဖလာ အလှူပေဘဲလား ။ ပေးလှူခဲ့တဲ့ အလှူ တစ်ခုဟာ အကျိုးများများ ( အပြည့်အ၀ ) ရမယ်ဆိုရင်  လှူရတာအတိုင်းထက် အလွန် ကောင်းပြီပေါ့ ။ ဒါကြောင့်  အလှူပေးတော့မဲ့  ညီကိုမောင်နှမ တွေ  အဓိပါယ်ရှိရှိ ၊ အကျိုးရှိရှိတစ်ကျပ် ၊ တစ်ဆယ်မှ အစ ... ရာဂဏန်း ၊ သိန်းဂဏန်းထိအောင်  အလှူလေး ၊ အလှူကြီး တစ်ခု ပါရမီ( ၁၀ ) ပါးမြောက်အောင် ပေးလှူ လိုက်ရအောင် ......


   အလှူတစ်ခုမှ ပါရမီ ( ၁၀ ) ပါး  ရရှိပုံ

 ( ၁ )အလှူတစ်ခု ပေးမလှူခင်  ရှေးဦးစွာ နိဗ္ဗာန်ကို တောင်းတပြီးမှသာ မိမိအလှူကို   ပေးလှူ ရပါမယ် ။
သို့မှသာ  မိမိရဲ့ အလှူဟာ ဒါနပါရမီ မြောက်တာပါ ။

 ( ၂ )သီလ စောင့်တည်ပြီး လဲ  ပေးလှူ ရပါမယ် ၊ အလှူနဲ့ နွယ်တဲ့ သီလ ပါရမီ ပေါ့ ။

 ( ၃ ) ပေးကမ်း ၊ လှူဒါန်း လိုက်ရတဲ့ အတွက် လောဘမှ ထွက်မြောက်ခြင်းဆိုတဲ့ နေက္ခမ္မ ပါရမီ မြောက်တာပါ ။

 ( ၄ ) ပေးလှူတဲ့ စေတနာကုသိုလ်ကို သိသောဥာဏ် ၊ စေတနာ ဖြစ်ကြောင်းကို သိသောဥာဏ် ၊ စေတနာဧ။်ဖြစ်ခြင်းကို သိသောဥာဏ် တို့ဟာ ပညာ ပါရမီ ဖြစ်စေတာပါ ။

 ( ၅ )အလှူနဲ့ ဆက်စပ်ပြီး  ဒါန ၊ သီလ ၊ သမထ ၊ ၀ိပဿနာအားထုတ်ခြင်းဟာ ၀ီရိယ ပါရမီ ပါ ။

 ( ၆ )လှူဖွယ်ကိစ္စ ကိုအားထုတ်ပြီးပင်ပန်းခြင်းကို သီးခံ တာဟာ ခန္တီ ပါရမီ ပါ ။

 ( ၇ )လှူမယ်လို့ မှန်ကန်တဲ့ စကားဆိုခြင်းဟာ  သစ္စာ ပါရမီ ပါ ။

 ( ၈ )ဒီ အလှူ  ပြီးမြောက်အောင် လုပ်မယ်လို့  စိတ်ပိုင်းဖြတ်တာဟာ  အဓိဋ္ဌာန် ပါရမီ  ပါ ။

 ( ၉ )အလှူဖြင့်  တပါးသူ ချမ်းသာအောင် ကာယကံ ၊ ၀စီကံ ၊ မနောကံ မြောက် မေတ္တာ ပြုခြင်းဟာ
မေတ္တာ ပါရမီ ပါ ။

 ( ၁၀ )လှူဖွယ် ပစ္စည်းတွေကို တွယ်တာခြင်းမရှိ လျစ်လျူရှုပြီး လှူခြင်းဟာ ဥပေက္ခာ ပါရမီ ပါ ။

           ကဲ   ဒီလောက်ဆိုရင် အလှူလေးတွေရော ၊ အလှူကြီးတွေပါ  အကျိုးရှိရှိ  ပါရမီ မြောက်အောင် စိတ်တစ်ခု ရှေ့ဆောင်ထားလို့ လှူတတ်ကြပြီ ထင်ပါတယ် ။ အရာရာစိတ် သာအဓိကပါ ။ ခပ်သိမ်း ကုန်သော အလှူပေးပုဂ္ဂိုလ်တို့ရဲ့ ကုသိုလ်စေတနာတွေဟာ နိဗ္ဗာန်ရောက်ကြောင်း  မိမိဥစ္စာထုပ်ကြီး ပါ။   အမွေခံကြီး ပါ ။   အမျိုးကောင်းကြီး ပါ ။   အဆွေခင်ပွန်းကောင်းကြီး ပါ ။


 ဒါကြောင့် ကုသိုလ်စိတ် ၊ ကုသိုလ်စေတနာ ရှေ့ဆောင်ထားလို့ တစ်ကြိမ်လှူရင် ၊ တစ်ခါ  ပါရမီ ( ၁၀ )ပါးရအောင်  ဦးစွာ ပထမ နိဗ္ဗာန်ကို အာရုံပြုပြီးအလှူကြီး   ပေးလှူ နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်း လိုက်ရပါတယ် ။

 နှလုံးစိတ်ဝမ်း  ရွှင်လန်းချမ်းမြေ့ ကြပါစေ ..... ။

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်