Saturday 2 February 2013

ကာမေသုမိစ္ဆာစာရကံထိုက်သော အမျိုးသမီး-၂၀



         
          အာရုံတကာ အာရုံတွင် ကာမအာရုံသည် အားအကြီးဆုံးသော အာရုံတစ်ခုဖြစ်သည်။ ထို့ကြောင့် လူအတော်များများသည် ထိုကာမအာရုံကို ရရှိခံစားနိုင်ရန် အားထုပ်ကြသည်။ ကာမဂုံကြောင့် ဆန္ဒကို သတိဖြင့်မထိန်းနိုင်ကြသောသူတို့သည် သိက္ခာကျသူ၊အရှက်ရသူ၊ စည်းစိမ်ပျက်သူ၊ ရောဂါရသူ နောက်ဆုံးအသက်ဆုံးကာ အပါယ်အကျခံတဲ့အထိ ကာမကို တတ်မက်ကြသည်။
          တခဏသာ သာယာမှုအတွက် အချိန်တွေ ငွေတွေ ဂုဏ်သိက္ခာတွေ ပေးဆပ်လို့ သံသရာ တစ်လျှောက် နစ်မွန်ကြသူများမှာ ထုနဲ့ထေးပင်။ အခုခေတ်အချိန်ခါမှာ သာလို့ပင်ဆိုး နေ ကြသေး ၏။  ကာမ ကျူးးလွန် ဖောက်ပြားတာကို ထမင်းစားရေသောက်နှယ် ကျူးလွန်နေကြ၏။ တချိုက မသိနားမလည်၍ ကျူးလွန်သည် တချို့ကတော့ သိသိကြီးနဲ့ဆန္ဒကိုသတိဖြင့် မထိန်းနိုင်၍ ကျူးလွန်ကြသည် ။ မည်သို့ပင် လွန်ကျူးသည်ဖြစ်စေ အပြစ် အကုသိုလ်ကတော့ သင့်ပေ၏။ သတိတရားထားကာ တခဏသာ သာယာမှု စိတ်အလိုသို့ မလိုက်ပဲ သတိတရားဖြင့် ထိန်း သိမ်း သင့်လှပါတယ်။ `အဂမနိယ၀တ္ထု´ခေါ် မသွားလာ မကျူးလွန်သင့်သော အမျိုးသမီး(၂၀)အား ကျူးလွန်မိက ပစ္စုပ္ပန် သံသရာ မကောင်းကျိုးများနှင့်တွေ့ကြုံရပေမည်။ ထို မသွားလာအပ် သော`အဂမနိယ၀တ္ထု´ကာမေသုမိစ္ဆာစာရကံထိုက်သော အမျိုးသမီးများမှာ-
၁။ မာတုရက္ခိတာ                           = မိခင်ကစောင့်ရှောက်ထားသော အမျိုးသမီး။
၂။ ပိတုရက္ခိတာ                            = ဖခင်က စောင့်ရှောက်ထားသော အမျိုးသမီး။
၃။ မာတာ ပိတုရက္ခိတာ                   = မိခင်,ဖခင် နှစ်ဦးလုံးက စောင့်ရှောက်ထားသော                                                             အမျိုးသမီး။
၎။ ဘဂိနီရက္ခိတာ                          အစ်မ၊ညီမတို့ကစောင့်ရှောက်ထားသော အမျိုးသမီး။
၅။ ဘာတုရက္ခိတာ                         =အကို၊မောင်တို့မှစောင့်ရှောက်ထားသော အမျိုးသမီး။
၆။ ဉာတိရက္ခိတာ                           = ဆွေမျိုးတို့ စောင့်ရှောက်ထားသော အမျိုးသမီး။
၇။ ဂေါတ္တရက္ခိတာ                          = လူမျိုးတူအနွယ်တူ လူတို့က စောင့်ရှောက် ထားသော အမျိုးသမီး။
၈။ ဓမ္မရက္ခိတာ                              =အတူတကွ တရားကျင့်ဖော်တို့က စောင့်ရှောက် ထားသော အမျိုးသမီး (သီလရှင်၊ယောဂီစသည်)
၉။ သပရိဒဏ္ဍာ                    = မင်းစသော အာဏာပိုင်တို့မှ အချိန်ကျလျှင် တော် ကောက်မှာမို့ သူ့မကို သွားလာပေါင်းသင်းလျှင် ပြစ်ဒဏ်ပေးမည်ဟု အမိန့်ထုတ် ထားသည့်အတွက် သွားလာပေါင်းသင်းသူအား ပြစ်ဒဏ်မကင်းစေသော အမျိုးသမီး။
၁၀။ သာရက္ခာ                    = အစောင့်အရှောက်ရှိသောအမျိုးသမီး။( မိခင်ဝမ်း၌ တည်နေစဉ်ကပင် မိဘအချင်းချင်း တပါးသောအမျိုးသားနှင့်အချိန်ကျလျှင် လက်ဆက်ပေး မည်ဟု သတ်မှတ်စေ့စပ်ထားသူကိုဆိုလိုသည်)
၁၁။  ဓနက္ကိတာ                             = ရွှေ၊ငွေ အစရှိသော ပစ္စည်းဥစ္စာဖြင့် ၀ယ်ယူ ထားသော အမျိုးသမီး။
၁၂။  ဆန္ဒ၀ါသိနီ                            = မိန်ခလေးကိုယ်တိုင် ဆန္ဒတူချစ်ကြိုက်သဖြင့် ယောက်ျားလေးအိမ်သို့လိုက်လာသောအမျိုးသမီး(ခိုးရာလိုက်လာသော အမျိုးသမီး)
၁၃။ ဘောဂ၀ါသိနီ                =ဆင်းရဲသဖြင့် ပုဂံခွက်ယောက် အစရှိသော အသုံး အဆောင် လေးဖြင့် တင်းတောင်းထားတဲ့ အမျိုးသမီး။
၁၄။ ပဋ၀ါသီနီ                     = ရွှေ၊ငွေ၊အ၀တ်တန်ဆာအတွက် ယောက်ျားနှင့် အတူ နေထိုင်ပေါင်းသင်းနေသော အမျိုးသမီး။
၁၅။  သြဒပတ္တကိနီ                         = ရေခွက်တွင် လက်ဆုံချ ထိမ်းမြားထားသော အမျိုးသမီ။(ယခုခေတ်လက်ထပ်ထိမ်းမြားပုံ)
၁၆။  သြဘတ စုမ္ဗိတာ                    = ခေါင်းပေါ်က ခေါင်းခုကျသွားသော အမျိုးသမီး။ (ဆင်းရဲလို့ ခေါင်းပေါ်တွင် ခေါင်ခုတင်ကာ ဈေးဘန်း၊ထင်းစသည်ကို ရောက်နေရသော အမျိုးသမီးအား မယားအဖြစ် အတည်ယူလိုက်သော အမျိုးသမီးကို ဆိုလိုပါသည်)
၁၇။  ဓဇာဟတာ                           = စစ်နိုင်၍ ခေါ်ဆောင်လာသော သုံးပန်းထဲမှ အမျိုးသမီးအား မယားအဖြစ်တရားဝင် လက်ထပ်ပေါင်းသင်းထားသော အမျိုးသမီး။
၁၈။ ကမ္မကာရီ ဘရိယာ                  = အစေခံ အိမ်ဖော်အမျိုးသမီးအား မယားအဖြစ် တရားဝင် လက်ထပ်ထားသော အမျိုးသမီး။
၁၉။ ဒါသီဘရိယာ                          =  ကျွန်မလေးအား မယားအဖြစ် တရားဝင် လက်ထပ်ထားသော အမျိုးသမီး။
၂၀။  မုဟုတ္တိကာ                      =  တပါးသူက အခကြေးငွေဖြင့် ပေါင်းဖော်ရန် ငှားရန်း ထားသောအမျိုးသမီး (ပြည့်တန်ဆာ)။တို့ဖြစ်ကြပါတယ်။
     အထက်ပါ အပျို၊အအို အမျိုးသမီးအယောက်(၂၀)တို့သည် အမျိုးသားများ မသွားလာအပ် မပြစ်မှားအပ်သော `အဂမနိယ၀တ္ထု´များပင်ဖြစ်ပါသည်။
     ကာမေသုမိစ္ဆာစာရကံမြောက်ကြောင်း အင်္ဂါ(၄)ချက်ရှိပါတယ် ထိုအချက်၎-ချက်မှာ-
၁။  အထက်တွင်ဖော်ပြခဲ့သော မမှီဝဲ မသွားလာအပ်သော အဂမနိယ အမျိုးသမီး (၂၀) ဖြစ်ခြင်း။
၂။ သွားလာ မှီဝဲလိုသော စိတ်ရှိခြင်း။
၃။ အမျိုးသမီး၏ မုခမဂ်-(ပါးစပ်ခံတွင်း)၊ပဿာဝမဂ်-(ကျင်ငယ်အင်္ဂါ)၊ ၀စ္စမဂ်-(ကျင်ကြီးအင်္ဂါ) ဟုဆိုသော မဂ်အင်္ဂါ-၃-ခုတွင် တခုခုကို မှီဝဲ သွားလာခြင်း။
၎။ မှီဝဲ သွားလာသည်ကို သာယာခြင်း။
ထိုအင်္ဂါ -၄-ချက်နှင့် ကိုက်ညီငြိစွန်းပါက `ကာမေသုမိစ္ဆာစာရကံ´ထိုက်ပါတယ်။
          ထိုကဲ့သို့ မသွားလာသင့်သော အမျိုးသမီးများအား ပြစ်မှားသွားလာကြသောသူတို့သည် ပစ္စုပ္ပန်၊သံသရာ ဖြစ်လေရာရာ ဘ၀တွေမှာ မကောင်းကျိုးများကို တွေ့ကြုံရတတ်ကြောင်းကို မြတ်စွာဗုဒ္ဓက ဟောကြားတော်မူခဲ့ပါတယ်။မပြစ်မှား မသွားလာသင့်သော သူ့သားမယားတို့အား ပြစ်မှား ကျူးလွန်သွားလာကြသော သူတို့သည်။
          ၁။ မလိုမုန်းတီးသူများ ပေါများခြင်း။
          ၂။ ရန်ဖြစ်၊ရန်ပွား၊ရန်သူများခြင်း။
          ၃။ ဥစ္စာပစ္စည်း ပျက်စီး ရှားပါးခြင်း။
          ၄။ ကိုယ်၊စိတ်ချမ်းသာများ ပျောက်ကွယ် ကင်းဆိတ်ခြင်း။
          ၅။ မိန်းမ ဘ၀ကို ဖြစ်ရခြင်း။
          ၆။ မိန်းမမဟုတ်၊ယေက်ျားမဟုတ် `နပုံး ပဏ္ဍုပ်´(အခြောက်)ဖြစ်ရခြင်း။
          ၇။ ယောက်ျားဖြစ်လျှင်လည်း ယုတ်ညံ့သော ဆွေမျိုး အသိုင်းဝိုင်းတွင်ဖြစ်ရခြင်း။
          ၈။ အရှက်တကွဲ အကျိုးနည်း၍ လူပုံအလွယ် မျက်နှာပျက်ရခြင်း။
          ၉။ မျက်စေ့-နား-နှာ- ခြေ-လက် အင်္ဂါစသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများ
             ချို့ယွင်းမစွမ်းဖြစ်ရခြင်း။
          ၁၀။ ထိပ်လန့်ကြောက်ရွံ့၊စိုးရိမ်ကြောင့်ကြမှု များပြားခြင်း။
          ၁၁။ ချစ်ရသော သူများတို့နှင့် ကွဲကွာ-ကွေကွင်းရခြင်း။
ထိုကာမေသုကံ၏ ဆိုးကျိုးများကို မှတ်သားလွယ်စေရန်  မိမိ၏ ပတ်ဝန်ကျင်မိတ်ဆွေတို့အား တဆင့်ပြန်လည်၍ သတိပေး တရားပြနိုင်ရန်  ကာမေသုကံ၏ အကုသိုလ် ဆိုးကျိုးဆောင် ပုဒ်လင်္ကာလေးကို အရကျက်မှတ်ထားသင့်ပါတယ်။
                   ဆောင်ပုဒ်။   ။ မိစ္ဆာစာရ ၊ ကျူးလွန်ကလည်း။
                                 မုန်းကြသူများ ၊ ရန်သူပွား၍။
                                 ရှားပါးလာတ်တိတ်၊ ချမ်းသာဆိတ်၏။
                                 ဣတ္ထိ-ပဏ္ဍုပ်၊ မျိုးယုတ်ခါခါ။
                                 မျက်နှာ မလှ၊ အရှက်ရလျှက်။
                                 လက္ခဏာ ဣနြေ္ဒ၊ ယွင်းသွေချို့သိမ်။
                                 စိုးရိမ်များစွာ၊ ချစ်သူကွာသည်။
                                 ရှောင်ခါ အပြန်အကျိုးတည်း…………………………………။
          အတက်ဖော်ပြပါ ကာမေသုကံ၏ ဆိုးပြစ်များမှ ကင်းလွတ်စေရန်အတွက် မိမိ၏ ဆန္ဒကို သတိ၊သိက္ခာဖြင့် ထိန်းသိမ်းကာ နှမသားချင်း ကိုယ်ချင်းစာ၍ မိကောင်းဖခင် သားသမီး ရတနာ များပီသစွာ နေထိုင်သင့်ပါတယ်။
          တခဏသာ သာယာမှုဆန္ဒနောက်လိုက်၍ နောင်တရားများရနေကြသူများလည်း မိမိတို့ ပတ်ဝန်ကျင်မှာပင် များစွာရှိနေပါတယ်။ အားလုံးသိထားပြီးဖြစ်တဲ့` ဒု-သ-န-သော´ ဆိုသော စကားလုံး မှာလည်း ထိုကဲ့သို့ မသွားလာ မမှီဝဲသင့်သော အဂမနီယ ခေါ် အမျိုးသမီး(၂၀) ကို ကျူးလွန် သောသူတို့၏ အခါလွန်နှောင်းနောင်တ၏ ထွက်ပေါ်လာသော စကားလုံးများပင်ဖြစ်၏။
          ရှေ့အခါက သူဋ္ဌေးသား လေးယောက်တို့သည်  မိဘရဲ့ စည်းစိမ်ချမ်းသာဖြင့် သူ့သား မယားအား အာဏာ၊ငွေများဖြင့် အသုံးချကာပြစ်မှား သွားလာခဲ့တာကြောင့် `လောဟကုမ္ဘီ´ခေါ် သံရည်ပူငရဲတွင် ပင်ပန်းဆင်းရဲကြီးစွာခံစားရ၏။ ထိုသံရည်ထဲတွင် နစ်မြုတ်သွာရာ အောက် ကြမ်း ပြင် မှ အပေါ်အ၀သို့ နှစ်ပေါင်းတစ်သောင်းမှ တစ်ကြိမ်သာပေါ်လာခွင့်ရပါတယ်။ ထိုသို့တခဏသာ ပေါ်နေသော အချိန်လေးတွင် ထိုသူဋ္ဌေးသားလေးယောက်တို့သည် နှောင်း နောင်တကြီးစွာရလျှက် မိမိတို့ကဲ့သို့ လူသားများ ကာမေသုကံကို မကျူလွန်စေရန် သတိပေးစကားများကိုပြောကြားကြ၏။
          သို့သော် ထိုသူဋ္ဌေးသားလေးယောက်တို့၏ ခေါင်းပေါ်ချိန်ကား တိုတောင်းလွန်းတာကြောင့် ပြောကြားလိုသည့် စကားများကို အဆုံးထိ အပြည့်အစုံ မပြောကြားနိုင်ကြပဲ တယောက်လျှင် တစ်လုံးစီသာ ပြေားကြားသတိပေးနိုင်ရှာပါတယ်။ ထိုလေးလုံးကတော့ -ဒု-သ-န-သော  စတဲ့ အစဆုံးအလုံးတွေပင်ဖြစ်ပါတယ်။
          ထိုကာမအတွေ့သည်  သတိမထားပဲ ဆန္ဒကိုသတိဖြင့်မထိန်းနိုင်ပါက ကျူးလွန်သွား လာ သောသူ ဖျက်ဆီးပစ်ပါတယ်။ အရှင်အာနန္ဒအလောင်း ရွှေပန်းထိမ်သည် သူဋ္ဌေးသားဖြစ်စဉ် တစ်ခုသောဘ၀တွင် လူပေါင်းမှားကာ မသွားလာအပ်သော သူ့သားမယားကို သွားလာ ပြစ် မှား မိလို့ ငရဲ၌ နှစ်ပေါင်းများစွာ ကျရောက်ရ၏။ ငရဲမှလွတ်သော်လည်း ထိုကာမေသုကံ၏ အကြွင်း-၀ဋ်ကြွေး အကျိုးဆက်အနေဖြင့် မျောက်၊နွားစသော တိရိစ္ဆာန်ဖြစ်တာတောင် ဝှေးဝေ့ကို ကိုက် ဖေါက်ခံရ၊ သင်းကွတ်ခံရပါတယ်။
          လူဘ၀ကိုရရှိသော အခါတွင်လည်း ယောက်ျားမဟုတ်-မိန်းမမဟုတ် ပဏ္ဍုပ်(အခြောက်) ဖြစ်ပြီး  ၀ဋ်ခံရတယ်။ ကုသိုလ်ကောင်းမှုကံကြောင့် နတ်ပြည်တွင် နတ်ဖြစ်ရသော်လည်း နတ်သား မဖြစ်ရပဲ နတ်သမီးချည်းသာဖြစ်ရလေ၏။
          ဤမှ ကြောက်စရာကောင်းလှသော ကာမေသုကံ၏ အကျိုးဆက်ကို မခံစားရလေအောင် ကာမဆန္ဒနောက်ကိုမလိုက်ပဲ သတိတရားကြီးကြီးထားကာ မိမိတို့၏ တရားဝင်းဇနီး မယား အပေါ်မှာ သစ္စာရှိစွာဖြင့် မေတ္တာချစ်တရားတူယှဉ်ချဉ်နှောင်လို့ လောကအကျိုး၊ လောကီအကျိုးကို သစ္စာရွှေလက် ခိုင်မြဲတွဲကာ ပန်းခင်းသော ဘ၀ခရီးလမ်း လျှောက်လှမ်းနိုင်ကြပါစေဟု ဆန္ဒပြုလိုက်ရပါတော့သတည်း။
ဓမ္မ၀ီရ အရှင်တေဇနိယ ၏ http://www.ashintejaniya.com/ မှပိုစ့်ကိုမူရင်း
အတိုင်းကူးယူဖော်ပြခြင်းဖြစ်ပါသည်။

No comments:

Post a Comment

ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်