Wednesday 20 February 2013
ရိုမင်ကက်သလစ်ဘာသာမှ ထေရ၀ါဒ ဗုဒ္ဓဘာသာသို့ သက်ဝင်ယုံကြည် ကူးပြောင်းလာသူ မေတ္တာရှင် ဥတ္တမသီရိ
ရိုမင်ကက်သလစ်ဘာသာ (Roman Catholic)မှ ထေရ၀ါဒဗုဒ္ဓဘာသာ (Theravada Buddhist) သို့ ကူ.. .းပြောင်းကာ ကမ္ဘာ့နိုင်ငံအသီးသီးသို့ ကြွရောက်လျက် ၀ိပဿနာတရားကျင့်စဉ်များကို လေ့လာ လိုက်စားနေ သည့် ပနားမားနိုင်ငံဖွား ဂျာမဏီနိုင်ငံသူ ဆရာလေး ဥတ္တမသီရိသည် ရန်ကုန်မြို့ ညောင်ကန်အေး   သာသနာ့ရိပ်သာ ဆရာတော်ကြီး၏ အကြံပေး လမ်းညွှန်ချက်ဖြင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အမာရီလိုမြို့ ရှိ   ဇေယျသုခဓမ္မရိပ်သာ မြန်မာထေရ၀ါဒ ဘုန်းတော်ကြီးကျောင်းသို့ ကြွရောက်လာရာ ဆရာလေး ဥတ္တမသီရိ၏ ခရီးစဉ်ရည်ရွယ်ချက်၊ ဗုဒ္ဓဘာသာသို့မည်သို့မည်ပုံ ကူးပြောင်းလာပုံ၊ လက်ရှိတရားဘာဝနာ လုပ်ငန်းစဉ်များနဲ့ ရှေ့ဆက် သာသနာ့လုပ်ငန်းစဉ်တို့ကို အာရ်ကန်တိုင်းမ်စ်မှ(AT) သွားရောက်မေးမြန်း ခဲ့သည်။
ဆရာလေး ဥတ္တမသီရိကို အာရ်ကန်တိုင်းမ်စ်မှ သွားရောက်မေးမြန်းနေစဉ်
AT: ဆရာလေး ဥတ္တမသီရိက ပနားမားနိုင်ငံ (Panama) ဘယ်မြို့ကပါလဲ။
ဥတ္တမသီရိ : ဆရာလေးက ပနားမားနိုင်ငံ ကိုလံဘီယာ (Columbia) နယ်စပ်နားက အလွန်အင်မတန် ဆင်းရဲပြီးတော့ တောထူထပ်တဲ့ ရွာလေးတစ်ရွာမှာ မွေးဖွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်လောက် က ဆရာလေးမွေးဖွားနေထိုင်ခဲ့တဲ့ ဇာတိရွာလေးဟာ မီးခဏခဏပျက်ပြီးတော့ ရေမလာတဲ့နေရာတခုပါ။ အဲဒီအချိန်တုန်းက တီဗွီရေခဲသေတ္တာတို့ သုံးစွဲနိုင်ဖို့ ဆိုတာက အလွန်ဝေးလွန်းလှပါတယ်။ အသက်ဆယ်နှစ် အရွယ်လောက်မှာ ပနားမားမြို့တော်ကို ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။ ဆရာလေး မြန်မာနိုင်ငံ ကိုရောက် ခဲ့တုန်းကလည်း ရေမီး ပြသနာတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ငယ်စဉ်ဘ၀ကတည်းက ဒီအခက် အခဲတွေနဲ့ နေသားကျလာခဲ့တာမို့ ဆရာလေးအတွက်က သိပ်အခက်အခဲမရှိခဲ့ပါဘူး။ တချို့ ပြည်ပ သာသနာပြု ပုဂ္ဂိုလ်တွေအတွက်ကတော့ အခက်အခဲရှိခဲ့ကြတာ အမှန်ပါ။
AT: ဇေယျသုခဓမ္မရိပ်သာ ဘုန်းတော်ကြီးကျောင်းသို့ ကြွရောက်လာခဲ့ရတဲ့ ရည်ရွယ်ချက် ကို ပြောပြပေး ပါလား။
ဥတ္တမသီရိ : ဒီကျောင်းမှာ တရားအားထုတ်ချင်တာရယ် ကျောင်းထိုင်ဆရာတော်ရဲ့ သာသနာပြု လုပ်ငန်းတွေကို လေ့လာပြီးတော့ တတ်စွမ်းနိုင်တဲ့ဖက်က ၀ိုင်းဝန်းကူညီ သာသနာပြုချင်တာ ရယ် မြန်မာ့ မျိုးဆက်သစ် ကျောင်းသားလူငယ်လေးတွေကို အမျိုးဘာသာသာသနာနဲ့ ရိုးရာယဉ်ကျေးမှုအမွေ အနှစ်တွေ ကို လေးစားအားကျ ထိန်းသိမ်းစောင့်ရှောက်တတ်အောင်စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီမြို့ဒီကျောင်းကို ကြွရောက်လာခဲ့တာပါ။
AT: တက္ကဆက်ပြည်နယ် အမာရီလိုမြို့ကို ကြွရောက်လာခဲ့တာ ဒါ ပထမဆုံးအကြိမ်ပါလား။
ဥတ္တမသီရိ : ဟုတ်ပါတယ၊် ဒီမြို့ကို ကြွရောက်လာတာ ဒါပထမဆုံးအကြိမ်ပါ။
AT: အမေရိကန်ပြည်ထောင်စု တခြားပြည်နယ်တွေကိုကော အရင်တုန်းက ကြွရောက်လာခဲ့ဖူးတာ ရှိခဲ့ပါသလား။
ဥတ္တမသီရိ : ဟုတ်ကဲ့ပါ၊ ၁၉၈၄ ခုနှစ်လောက်က ဖလိုရီးဒါး ပြည်နယ်မှာ ကွန်ပျူတာ ပရိုဂရမ်မာ တစ်ယောက်အနေနဲ့ လာရောက်အလုပ်လုပ်ဖူးခဲ့ပါတယ်။ ကာလီဖိုးနီးယားပြည်နယ်မှာရှိတဲ့ မဟာယန ဗုဒ္ဓဘာသာဝင်တွေနဲ့လည်း အဆက်အသွယ်လုပ်ပြီးတော့ ဘာသာတရားကို လေ့လာထိတွေ့ခဲ့ဖူးပါတယ်။ ဒါ့ပြင် ဂျော်ဂျီရာ ပြည်နယ်ကိုလည်းရောက်ဖူးပါတယ်။ အဲဒီအချိန်တုန်းက ဆရာလေးဟာ မဟာယန ဗုဒ္ဓ ဘာသာနဲ့ပဲ စတင်ထိတွေ့ခွင့်ရခဲ့ ပါသေးတယ်။
AT: အမာရီလိုမြို့ တက္ကဆက်ပြည်နယ်က မြန်မာတိုင်းရင်းသားများ ဗုဒ္ဓဘာသာဝင်တွေနဲ့ ထိတွေ့ဆက်ဆံ ခွင့်ရတဲ့အပေါ်မှာ ဘယ်လိုခံစားမိပါသလဲ။
ဥတ္တမသီရိ : ဆရာလေး ဒီမြို့ ဒီကျောင်းကို စရောက်သီတင်းသုံးတဲ့အချိန်မှာ မြန်မာတိုင်းရင်းသားတွေက တစုတစည်းတည်း ၀င်ထွက်သွားလာ လှုပ်ရှားနေကြတာကိုတွေ့ရတော့ မြန်မာနိုင်ငံ ကို ရောက်ရှိနေ သလိုခံစားရပါတယ်။ ဆရာလေးအရမ်းလည်း ၀မ်းသာပါတယ်။
AT: ဆရာလေးရဲ့ မိရိုးဖလာ ကိုးကွယ်တဲ့ဘာသာက ဘယ်ဘာသာဝင်ပါလဲ။
ဥတ္တမသီရိ : ဆရာလေးရဲ့ မိရိုးဖလာ ကိုးကွယ်တဲ့ဘာသာက ရိုမင်ကစ်သလစ် ဘာသာဝင်ပါ။
AT: ကစ်သလစ် ဘာသာကနေ မဟာယနဗုဒ္ဓဘာသာကို ဘယ်နှစ်ခုနှစ်မှာ စတင်ပြောင်းလဲလေ့လာ လိုက်စားခဲ့ပါလဲ။
ဥတ္တမသီရိ : ၁၉၇၈ ခုနှစ် ဆရာလေး အသက် ၂၀ ခန့် အရွယ်မှာ ရိုမင်ကစ်သလစ် ဘာသာကနေ မဟာယနဗုဒ္ဓဘာသာကို စတင်လေ့လာလိုက်စားခဲ့ပါတယ်။ ခု ဆရာလေး သက်တော် ၅၅ နှစ်ရှိပါပြီ။
AT: ကစ်သလစ်ဘာသာကနေ ထေရ၀ါဒ ဗုဒ္ဓဘာသာ သာသနာ့ဝန်ထမ်းတစ်ပါးထိဖြစ်လာဖို့ အတွက် ဆရာလေးကို ဘယ်အရာတွေက အဓိက တွန်းအားပေးခဲ့ပါသလဲ။
AT: ထေရ၀ါဒ ဗုဒ္ဓဘာသာရဲ့ သာသနာ့ဝန်ထမ်းတစ်ပါး ဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာ ဘာတွေကို   ဇောင်းပေး ပြီး လေ့လာလိုက်စားဖြစ်ပါသလဲ။
ဥတ္တမသီရိ : ဆရာလေး အဓိက စွဲစွဲမြဲမြဲ လေ့လာလိုက်စားဖြစ်နေတာကတော့ ၀ိပဿနာ၊ သတိပဋ္ဌာန်၊ မေတ္တာ ဘာဝနာတရားနှင့် ဗုဒ္ဓဘာသာစာပေတွေကို လေ့လာလိုက်စားဖြစ်တဲ့အပြင် မိဇ္ဈိမနိကာယ၊ ဓမ္မပါဒတရားတွေကိုလည်း လေ့လာလိုက်စားနေပါတယ်။
AT: ဒီ တရားတွေကို လေ့လာလိုက်စားတဲ့အခါ ဘယ် ဘာသာစကားနဲ့ လေ့လာလိုက်စားနေခဲ့ပါသလဲ။
ဥတ္တမသီရိ : ထေရ၀ါဒ ဗုဒ္ဓဘာသာစာပေတွေကို ပါဋိ-ဂျာမဏီ ဘာသာပြန် စာပေကျမ်းဂန်တွေနဲ့  စတင်လေ့ လာလိုက်ခဲ့ပါတယ်။ ဒီလို အစပျိုး လေ့လာလိုက်စားနေတဲ့အချိန် မှာ မြန်မာနိုင်ငံကိုရောက် သွားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ သာသနာရေး ၀န်ကြီးဌာနက အင်္ဂလိပ်လို ဘာသာပြန် ထုတ်ဝေထားတဲ့ ဗုဒ္ဓစာပေကျမ်းဂန်တွေကိုသွားတွေ့တော့ ဆရာလေးအတွက် အရမ်းအဆင်ပြေသွားပါတယ်။ ဆရာလေး ရဲ့ မိခင်ဘာသာစကားဖြစ်တဲ့ စပန်းနက်စ် ဘာသာစကားနဲ့ ရေးသားထားတဲ့ ဗုဒ္ဓစာပေကျမ်းဂန်တွေကို ဒီကိုမကြွလာခင် လပိုင်းအလိုလောက်ကပဲ အင်တာနက်ဝက်ဆိုက်တစ်ခုမှာ ရှာဖွေတွေ့ ရှိခဲ့ရပါတယ်။
AT: ဆရာလေး မြန်မာနိုင်ငံကို ဘယ်နှစ်ခုနှစ်လောက်က စရောက်ခဲ့ဖူးပါသလဲ။
ဥတ္တမသီရိ :မှတ်မှတ်ရရပါပဲ၊ ၁၉၉၇ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့ မှာ မြန်မာနိုင်ငံ ရန်ကုန်မြို့ညောင်ကန်အေး သာသနာ့ရိပ်သာကို စရောက်ခဲ့ပါတယ်။ အဲဒီနေ့ကို ဆရာလေးဘယ်တော့မှ မမေ့ပါဘူး။ ရန်ကုန်ကိုရောက်ပြီး ၆ လလောက်အကြာမှာ သာသနာ့ဝန်ထမ်းတပါးဖြစ်တဲ့ သီလရှင်ဘ၀ သို့ အပီးအပိုင်ဝင်ရောက်လာခဲ့တာပါ။
AT: မြန်မာနိုင်ငံကို ရောက်ခဲ့စဉ်တုန်းက ဆရာလေး ဘာတွေကို အဓိက ဇောင်းပေး လေ့လာလိုက် စားခဲ့ပါသလဲ။
ဥတ္တမသီရိ : သတိတရားကို ပိုပြီးအာရုံစိုက်အားထုတ်တတ်ဖို့အတွက် နည်းပေးလမ်းပြ ဆရာတော်တွေက လည်း အကြံပေးမိန့် ကြားတဲ့အတွက် သတိတရားဖက်မှာ ပိုအားသန်တယ်ပြောရပါမယ်။ စာပေလေ့လာတဲ့ အပိုင်းကိုလည်း ဆရာလေး ၀ါသနာပါပါတယ်။
AT: ဆရာလေးရဲ့ နည်းပေးလမ်းပြ လက်ဦးဆရာတော်က ဘယ်ပုဂ္ဂိုလ်ပါလဲ။
ဥတ္တမသီရိ : ဆရာတော်ကြီး ဘဒ္ဒန္တသုမနသကာရ ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်က ဂျာမဏီနိုင်ငံမှာ သာသနာပြုနေခဲ့တဲ့ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးပါ။ ၂၀၁၁ ခုနှစ်မှာ ပျံလွန်တော် မူသွားခဲ့ပါပြီ။ ဒီဆရာတော်ကြီးက သီလနှင့် မေတ္တာအကြောင်းတွေကို နည်းပေးလမ်းပြ သင်ကြားပို့ချ ခဲ့ပါတယ်။ မြန်မာနိုင်ငံကို သွားရောက်လေ့လာပြီးတော့ သာသနာ့လုပ်ငန်းတွေလုပ်ဆောင်ဖို့ ၊ ဗုဒ္ဓစာပေ ကျမ်းဂန်တွေ လေ့လာဖို့အတွက်လည်း ဆရာတော်ကြီး ဦးသုမနသကာရက မကြာခဏ မိန့် ကြားခဲ့ဖူးပါ တယ်။ ရန်ကုန်မြို့ညောင်ကန်အေး သာသနာ့ရိပ်သာ ကျောင်းကိုလည်း ဒီဆရာတော်ကြီးကပဲ လမ်းညွှန်ပေး ခဲ့တာပါ။ ညောင်ကန်အေး သာသနာ့ရိပ်သာမှာ တရားအားထုတ်တဲ့အခါ နည်းပေးလမ်းပြပေး ကြတဲ့ ပုဂ္ဂိုလ်တွေကတော့ ဆရာတော် ဘဒ္ဒန္တအိန္ဒကနှင့် ဦးဝိစာရတို့ ဖြစ်ကြပါတယ်။
AT: ဆရာလေးက မြန်မာစကားလည်း နည်းနည်းပြောတတ်တာတွေ့ ရပါတယ်။ မြန်မာဘာသာစကားကို ဘယ်လိုလုပ်လေ့လာခဲ့ပါသလဲ။
ဥတ္တမသီရိ : မြန်မာစကားကို ဒီထက်များများသိနားလည်အောင် လေ့လာသင်ကြားချင်ပါတယ်။ ဒါပေမဲ့ နည်းပေးလမ်းပြ ဆရာတော်တွေက တရားကိုများများလေ့ကျင့်အားထုတ်လေ ပြောရမယ့်စကားတွေက နည်းသွားလေဖြစ်တဲ့အတွက် စကားများများမပြောဘဲ တရားများများအားထုတ်ဖို့ကို အကြံပေးခဲ့ပါတယ်။ စကားသင်ယူတတ်မြောက်ခဲ့တဲ့နေရာက ဘုန်းကြီးကျောင်းဆောင်ရဲ့ မီးဖိုချောင်လိုနေရာမျိုးတွေမှာပါ။ တပည့်တကာတကာမတွေက ဆွမ်းပန်းချက်ကြတော့ မနားတမ်းကို စကားပြောကြဆိုကြတော့တာပါပဲ။
AT: ထေရ၀ါဒ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီးတော့ ဆရာလေးရဲ့ အဓိကရည်မှန်းချက်က ဘာတွေပါလဲ။
ဥတ္တမသီရိ : ထေရ၀ါဒဗုဒ္ဓဘာသာ မဖြစ်ခင်ကတည်းက ဆရာလေးအဓိက ရည်မှန်းတောင်းတခဲ့တာက စိတ်ရဲ့ငြိမ်းချမ်းမှုပါ။ ပမားနားနိုင်ငံကနေ ဂျာမဏ်နိုင်ငံကိုရောက်တော့ မေတ္တာနဲ့ပတ်သက်ပြီး ဂျာမန် ဘာသာ နဲ့ရေးထားတဲ့ ဆောင်းပါး၊ အက်ဆေးတွေကို လေ့လာဖတ်ရှုခွင့်ရတော့ ပန်းတိုင်ကိုရောက်မည့် လမ်းခရီးကို အဲဒီကနေ စတင်တွေ့ ရှိခဲ့တာပါပဲ။
AT: ဆရာလေးက ကိုလံဘီယာနယ်စပ် ပနားမားနိုင်ငံကနေ ဂျာမဏီနိုင်ငံကို ဘယ်လိုရောက်ရှိလာခဲ့တာ ပါလဲ။ ဘယ်နှစ်ခုနှစ်လောက်က ရောက်ရှိခဲ့တာပါလဲ။
ဥတ္တမသီရိ : ပနားနိုင်ငံမှာ ၁၉၈၇ ခုနှစ် မတိုင်မီက နိုင်ငံစီးပွားရေး အကျပ်အတည်းဖြစ်တော့ နိုင်ငံ သူ နိုင်ငံသားတွေ အလုပ်လက်မဲ့ ဖြစ်ခဲ့ကြပါတယ်။ ဆရာလေးလည်း အလုပ်အကိုင်အခွင့်အလမ်းအတွက် အမေရိကန်ပြည်ထောင်စု ဖလိုရီဒါပြည်နယ်ကိုရောက်ရှိလာခဲ့ပါတယ်။ ဖလိုရီဒါပြည်နယ်က မြို့လေး တစ်မြို့မှာ အလုပ်လုပ်ရင်း အမေရိကန်တယောက်နဲ့ မေတ္တာသက်ဝင်ခဲ့ပြီးတော့ အိမ်ထောင်ဖက် အဖြစ်ရွေးချယ် လက်ထပ်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ အိမ်ထောင်ရှင်က တခြားအသစ် အယေက် နဲ့ လက်တွဲသွားခဲ့ပါတယ်။ အဲဒီအချိန်က ဆရာလေး အင်မတန်မှ ကြေကွဲခံစားခဲ့ရပြီး စိတ်ဓာတ်တွေ ပါ ထောင်းထောင်းကျခဲ့ရပါတယ်။ ဒီလိုနဲ့ ဆရာလေး ပနားမားနိုင်ငံကိုပဲ ပြန်သွားခဲ့ပါတယ်။ ပနားမားနိုင်ငံ ကိုရောက်တော့ ဂျာမဏီနိုင်ငံက ၀မ်းကွဲအစ်မတစ်ယောက်က ကျန်းမာရေး သိပ်မကောင်းတာ နဲ့ အပြန် အလှန် ပြုစုစောင့်ရှောက် ကူညီကြရအောင် လာခဲ့ပါဆိုပြီး လှမ်းခေါ်တော့ ဂျာမဏီနိုင်ငံကို ရောက်သွားခဲ့ ပါတယ်။ အဲဒီအချိန်မှာ မဟာယန ဗုဒ္ဓဘာသာတရားတွေနဲ့ နည်းနည်းနီးစပ်နေမိခဲ့ပါပြီ။ မဟာယနနည်း နဲ့ တရားဓမ္မအားထုတ်တတ်နေပါပြီ။ အိမ်ထောင်ပျက်ဒဏ်ကြောင့် အဲဒီအချိန်မှာ အရမ်းကြေကွဲခံစားနေ ခဲ့ရပေမဲ့ တရားဓမ္မတွေကို ဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်း လေ့လာလိုက်စား အားထုတ်ခဲ့တဲ့အတွက် စိတ်ဓာတ်ပြန်လည် လန်းဆန်းနိုးကြားလာခဲ့ပါတယ်။ အဲဒီနောက်မှာ ထေရ၀ါဒဗုဒ္ဓဘာသာကို ရှာဖွေတွေ့ရှိ ကူးပြောင်းလာခဲ့တာပါ။
AT: နောက်ဆုံး မေးခွန်းအနေနဲ့ပေါ့လေ ဒီမြို့က ဗုဒ္ဓဘာသာဝင်တွေ နိုင်ငံအနှံ့က ဗုဒ္ဓသာသာဝင်တွေကို ဘာများမိန့် ကြားချင်တာ ရှိပါသလဲ။
ဥတ္တမသီရိ : မေတ္တာဘာဝနာ ပွားများကြဖို့ကို မှာချင်ပါတယ်။ အာရုံတွေ သိပ်မများပဲ အရိယာသီလ၊ အရိယာသမာဓိ၊ အရိယာပညာတွေကို အခြေခံပြီးတော့ တရားဘာဝနာတွေကို လေ့လာလိုက်စား အားထုတ်ရင်းနဲ့ မေတ္တာတရား ပွားများကြစေချင်ပါတယ်။ မေတ္တာဟာ လူမျိုး၊ ဘာသာ အဆင့်အတန်းမရွေး ရှိသင့်ရှိထိုက် ထားသင့်ထားအပ်တယ်ဆိုတာကို ဗုဒ္ဓဘုရားရှင်က မှာကြားထားခဲ့ပြီးသားပါ။ ဒီလိုမေတ္တာ ထားနိုင် ဖို့အတွက် အခြေခံအနေနဲ့ ဝိပဿနာတရားကို များများအားထုတ်ပြီးတော့ မိမိတို့အတွင်းစိတ်ကို ငြိမ်းချမ်းအောင်အရင်လုပ်ရင်းနဲ့ အများကိုပါ ငြိမ်းချမ်းအောင် မေတ္တာထားကြပါလို့ မှာကြားချင်ပါတယ်။
ကိုကျော်လင်းသန့် - ဒု ဥက္ကဌ (မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်း)မှ ပူးပေါင်းပါဝင် ဘာသာပြန်ဆိုသည်။
No comments:
Post a Comment
ဒီနေရာလေးမှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်